အနုပညာလုပ်ရင်း ဘ၀ရဲ့အချိန်တွေ ကုန်ဆုံးသွားချင်သူ ဦးညွန့်ဝင်း



အသက် (၇၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး ညွန့်ဝင်း က  ဦးနှောက်အာရုံကြောဝေဒနာ ခံစားရ လို့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုနားလိုက်ရတာ ၂၀၁၂ ခုနှစ် ကတည်းကပါ ။ ကျန်းမာရေးအခြေအနေ ချို့ယွင်းမှုကြောင့်  အင်းယားလမ်းအနီး က သူ့ရဲ့ အိမ်မှာပဲ စာဖတ် ၊ အပျော်တမ်းစာတွေရေးပြီး  တစ်နေ့တာ ဖြတ်သန်းဖြစ်တယ်လို့  သူကပြောပြလာပါတယ်။




“စာဖတ် ၊ စာရေးတယ် ။ ကိုယ်ရေးချင်တာ အပျော်လေးတွေ လျှောက်ရေးတာပေါ့ ။  ဦးနှောက်အာရုံကြောတွေ မကောင်းတာပေါ့ ။ ဦးနှောက်ခွဲဖို့တော့ မလိုပါဘူး။ ဘန်ကောက်မှာလည်း သွားစစ်တယ် ။ ဆရာဝန်ကလည်း ကောင်းပါတယ်လို့ပြောတယ် ။  ပြန်ကောင်းသွားမှာ မဟုတ်မှန်းသိတော့ စိတ်ကို ဒုန်းဒုန်းချထားတယ် ။ ၂၀၁၂ က ပဲ ကားရိုက်ပြန်လာတော့ ခေါင်းအုံလာပြီးမိုက်ခနဲ ဖြစ်လို့ ဆေးရုံပြကတည်း ကျန်းမာရေး က  ဖြစ်သွားတာ ။  ရုပ်ရှင်ရိုက်ဖို့လာပြောကြပါတယ် ။ ဒါပေမယ့် ကိုယ့်အတွက်နဲ့ တစ်ခြားသူတွေလည်း အဆင်မပြေမှာစိုးလို့ မရိုက်ဖြစ်တော့တာ ”  လို့  သရုပ်ဆောင် ညွန့်ဝင်း ကပြောပြပါတယ်။






မြတ်နိုးတဲ့အနုပညာအလုပ်တွေ မလုပ်ရတဲ့ အချိန်က ၀မ်းနည်းစရာကောင်းပြီး   အနုပညာမောင်နှမတွေနဲ့  ရယ်မောခဲ့တဲ့ နေ့ရက်လေး ကုန်ဆုံးသွားပြီဆိုတော့ တမ်းတမိပါတယ်လို့ သူကပြောပြပါတယ်  ။


“ အလုပ်မလုပ်ရတော့  ကိုယ်မြတ်နိုးတဲ့အနုပညာ ကို ပရိသတ် နဲ့ တူတူ ခံစားခွင့်မရလို့ စိတ်ထဲမကောင်းတာတော့ ဖြစ်မိတယ်။  အနုပညာလောကမှာ အကြာကြီး မောင်နှမတွေနဲ့ အတူတူ လုပ်ခဲ့ရတယ်။ မတွေ့တာလည်း ကြာတော့ အောက်မေ့တယ် ။ သူငယ်ချင်းတွေ ပျော်ကြ ၊ ရယ်မောကြတဲ့ နေ့ရက်လေးတွေ က ကုန်သွားတာပေါ့ ” လို့ သူကပြောပြပါတယ် ။






တစ်ခေတ်တစ်ခါ က နာမည်ကျော်ခဲ့တဲ့ သဘင်ပညာရှင် ရွှေမန်းတင်မောင် ရဲ့ သားတစ်ယောက်ဖြစ်သူ ညွှန့်ဝင်း က သူ့ရဲ့ ဖခင်လို ပဲ အနုပညာအပေါ်မှာ ပေးဆပ်ချင်လိုတဲ့စိတ် အပြည့်ရှိသူ တစ်ယောက်ပါ ။ ရွှေမန်းတင်မောင် က  အငြိမ့်ကပြဖျော်ဖြေရင်းနဲ့ ပဲ ဇာတ်ခုံပေါ်မှာတင် ကွယ်လွန်ခဲ့ပါတယ်  ။ အဲ့ဒီအချိန်မှာ ရုပ်ရှင်မင်းသားကြီး ညွှန့်ဝင်း ကိုယ်တိုင်ရှိခဲ့ပြီး သူက  ဖေဖေဆုံးတာ ၀မ်းနည်းပေမယ့် အရမ်းဂုဏ်ယူခဲ့ရပါတယ် လို့ ပြောပြခဲ့ပါတယ်။




“  ဖေဖေ က ဇာတ်ခုံပေါ်မှာ ပွဲကရင်းနဲ့ပဲ  ပရိသတ်ရှေ့မှာ ဆုံးသွားတယ်  ။ အဲ့အချိန်တုန်းကဆိုရင် အရမ်းကိုဂုဏ်ယူမိတယ်။ ဖေ့ဖေ့ရဲ့ အားထုတ်မှုက လည်း အင်မတန်ကို ပြင်းထန်တယ်။ ဖေဖေ့လိုပဲ ကျွန်တော်ဖြစ်ရင် ၀မ်းသာရမှာပါ ။ အနုပညာကို မြတ်နိုးတဲ့သူဖြစ်တဲ့အတွက် ပရိသတ်နဲ့ ပျော်ပျော်ပါးပါးပဲ နေသွားချင်တယ် ” လို့ သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။




စွယ်စုံရ အနုပညာရှင်ကြီး ညွှန့်ဝင်း က အကယ်ဒမီဆု (၇) ဆု ပိုင်ဆိုင်ထား သူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတိုင်း မှာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ် လို့ သူက ပြောပါတယ်။ ဦးညွှန့်ဝင်း က  အမျိုးသားဇာတ်ဆောင်ဆု - ဗန်တိုလူကလေးနှင့်သူဇာ (၁၉၆၈) ၊ အမျိုးသားဇာတ်ဆောင်ဆု - ချစ်သူဝိုင်းဝိုင်းလည် ( ၁၉၇၁) ၊ အမျိုးသားဇာတ်ဆောင်ဆု - တတိယအရွယ်၏ဒုတိယဝေဒနာ(၁၉၈၃)  ၊ အမျိုးသားဇာတ်ပို့ဆု -  သီတာခုနှစ်တန် (၁၉၉၃) ၊ အမျိုးသားဇာတ်ပို့ဆု - သူ့ကျွန်မခံပြီ ( ၁၉၉၇) ၊ အမျိုးသားဇာတ်ပို့ဆု - ဆန်ရေ (၂၀၀၂)  နှင့်  အမျိုးသားဇာတ်ပို့ဆု - လျှို့ဝှက်သောနှင်း (၂၀၀၄)  ခုနှစ်တွေမှာ အကယ်ဒမီဆုတွေ ပိုင်ဆိုင်နိုင်ခဲ့ သူတစ်ယောက်ပါ ။

 အကယ်ဒမီ (၈) ဆု ရအောင် ကြိုးစားမယ်လို့ ပရိသတ်ကို ကတိပေးခဲ့ပေမယ့် ကျန်းမာရေးအခြေနေကြောင့်  အခွင့်အရေးမရတော့တဲ့ အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။



ယနေ့ခေတ် ရုပ်ရှင်လောက က ပွင့်လင်းမှုများစွာရှိလာပြီဖြစ်သလို ဖန်တီးနိုင်စွမ်းအားပိုပြီး ကောင်းလာတာကြောင့် ဇာတ်ကားကောင်းတွေ များစွာ ရိုက်ကူးနိုင်ဖို့ မျှော်လင့်တယ် လို့ ပြောပါတယ်။ “လူတွေ က ရုပ်ရှင်ကို ပိုပြီး စိတ်ဝင်စားနေကြပြီ ။ ပရိသတ်လည်း ကောင်းတဲ့ဇာတ်ကားတွေ ကြည့်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အနုပညာသမားတွေလည်း ပရိသတ်ကြည့်နိုင်အောင် လေးလေးစားစား ခံစားနိုင်အောင် ကြိုးစားပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ” လို့ သရုပ်ဆောင် ညွှန့်ဝင်း က ပြောပြတယ်   ။ 


Myanmar Celebrity Update: The Best Actor Academy Award 7th Time Winner, Veteran Actor, Nyunt Win #NyuntWin #MyanmarActor


By - MyanmarCelebrity 

Related Posts

Scroll to top